Chit
Nov 13, 2020

ရောက်တတ်ရာရာ အတွေးတစ

ကျွန်တော့် အခန်းထဲမှာ ပြတင်းပေါက် ၂ ချပ်ရှိတယ်။ ရန်ကုန်အိမ်တွေရဲ့ ထုံးစံအတိုင်း ဘေးပတ်ပတ်လည်မှာက တိုက်ခန်းတွေချည်းမို့ ကြည့်စရာမရှိတော့ ဖွင့်ဖြစ်တယ်ဆိုတာ မရှိသလောက်ပါပဲ။ ဒီနေ့တော့ လူက အပူရှပ်ပြီး နေသိပ်မကောင်းတာနဲ့ အိမ်နောက်ဖေးဘက်ကို မျက်နှာမူထားတဲ့ ပြတင်းပေါက်တချက်ကို ဖွင့်ထားပြီး အိပ်ယာထဲ လှဲနေမိတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင်တော့ အခန်းထဲကို သဘာဝ အလင်းရောင် ဝင်နေချင်ဝင်နေမှာပေါ့။ အခုကတော့ အနောက်လမ်းက အိမ်တအိမ်က ထွန်းထားတဲ့ လျှပ်စစ်မီးရောင်ပျပျက အခန်းတနေရာမှာ နေရာယူထားတယ်။ ဝင်လာတဲ့ အလင်းရောင်က အခန်းထဲမှာချိတ်ထားတဲ့ ၂ ချပ်တည်းသော ပုံတွေထဲက တပုံဖြစ်တဲ့ PALE BLUE DOT ပုံပေါ် ထိုးကျနေတော့ မကြည့်ချင်လဲ ကြည့်နေသလိုဖြစ်နေတာပေါ့။ အဲပုံကို စမြင်ထဲကကြိုက်သွားတာ။ ငယ်ငယ်တုန်းက အိပ်မက်က ASTRONAUT တယောက်ဖြစ်ချင်တာ။ ခုလဲ ဖြစ်ခွင့်ရရင်တော့ဖြစ်ချင်တုန်းပါပဲ။ အဲဒီ ပုံကိုမြင်တိုင်း စကြဝဠာထဲမှာ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုက ဘယ်လောက်သေးငယ်တယ်ဆိုတာကို သတိရစေတယ်။ ကောင်းတာတွေ ဆိုးတာတွေကြုံလာတိုင်း အဲပုံကိုမြင်လိုက်ရင် ကိုယ်ကြုံရတာတွေက သေးသေးလေးပါဆိုတာကို ကိုယ့်ကိုကိုယ်သတိပေးတဲ့အနေနဲ့ချိတ်ထားဖြစ်တာပေါ့။ ပျော်ရင်ပဲဖြစ်ဖြစ် ဝမ်းနည်းရင်ပဲဖြစ်ဖြစ် အဲဒါကိုတွေးဖြစ်နေကြပါပဲ။

အိပ်ယာထဲစလှဲထဲက အတွေးတွေကဆုပ်ကိုင်လို့မရဘဲ ပြန့်ကျဲနေတာနဲ့ လုပ်နေကျ တခုဖြစ်တဲ့ သီချင်းနားထောင်ချင်လာရော။ SPOTIFY က THE WALTERS ဆိုထားတဲ့ SONGS FOR DAD ဆိုတဲ့ ALBUM ကို ဒီနှစ်ထဲ ထပ်တလဲလဲ နားထောင်ဖြစ်တယ်။ အဲအဖွဲ့ကို ဒီနှစ်ထဲမှာမှ သီချင်းတပုဒ်နဲ့ စသိတာ။ အကြိုက်ဆုံးအပုဒ်ဆိုရင် LIFE နဲ့ I LOVE YOU SO ပဲ။ ဘာလို့ကြိုက်တာလဲဆိုတာ အကြောင်းရှာမရဘူး။ ဒါပေမဲ့ စိတ်ထဲမှာ ခံစားချက်တခုခုရှိတာမျိုးဖြစ်ဖြစ်၊ အခုလို ဘာမှမရှိတာဖြစ်ဖြစ် ဖြစ်နေတဲ့အချိန်တွေဆို အမြဲနားထောင်တယ်။ ခင်ဗျားတို့တော့မသိဘူး ကျွန်တော့်မှာတော့ အကျင့်တခုရှိတယ်။ ကိုယ်ကြိုက်တဲ့သီချင်းတပုဒ်ကို ပျော်နေတဲ့အချိန်မှာနားထောင်ရင် ပိုပျော်တယ်။ အဲဒီသီချင်းကိုပဲ စိတ်ညစ်တဲ့အချိန်မှာနားထောင်ရင် ပိုစိတ်ညစ်တယ်။

ခုလို BLANK ဖြစ်နေချိန်မှာ နားထောင်ရင် ပိုပြီး BLANK ဖြစ်သလို ခံစားရတယ်။ တဆက်ထဲမှာတွေးမိတာက ငါအခုပျော်လား ဆိုတာပဲ။ အတိတ်ကို ပြန်မစဉ်းစားခင် တွေးမိတာက ပျော်တယ်ဆိုတာ ဘာလဲဆိုတာပဲ။ စာမေးပွဲအောင်တာ ပျော်စရာလား။ အလုပ်ကောင်းကောင်းရတာ ပျော်စရာလား။ ရည်းစားနဲ့လျှောက်လည်ရတာက ပျော်စရာလား။ ဒါမှမဟုတ် လခကောင်းကောင်းရတာက ပျော်စရာလား။ စသဖြင့်ပေါ့။ လူတိုင်းကတော့ပြောကြတယ်။ “ဘဝက တိုတိုလေး ပျော်တာတွေကိုပဲ လုပ်” တဲ့။ ဒါပေမဲ့ ကျွန်တော် ထင်တယ် ၊ လူတော်တော်များများက ပျော်မယ်ထင်တာတွေပဲလုပ်ပြီး သေသွားကြတာပဲ။ ပျော်ရလား မပျော်ရလားဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိမှာပေါ့။ သေသွားတဲ့လူကို လိုက်မေးလို့မှ မရတာ။

ခင်ဗျားတို့ရော အခု ရှင်သန်နေထိုင်ရတာ ပျော်ခဲ့ကြရဲ့လား။ ပျော်တယ်ဆိုတာကိုရော ဘယ်လိုသတ်မှတ်လဲ။ လုပ်ချင်တာတွေပဲလုပ်နေရတာက တကယ်ပျော်စရာလား။

ကျွန်တော်ကိုယ်တိုင်လဲ အခုထိ အဲဒီ့မေးခွန်းအတွက်အဖြေရှာမရဘူး။ ဘယ်တော့မှ ရှာရမလဲဆိုတာလဲ မသိဘူး။ အခုထိတော့ သိဖို့လဲ မကြိုးစားချင်သေးဘူး။ ဒီလိုနဲ့ပဲ တနေ့နေတော့ ပျော်ရွှင်ခြင်းကဘာလဲဆိုတာ သိရင်သိလာမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ နေထိုင်သွားရမှာပဲလေ။

တကယ်တော့ အခုခင်ဗျားတို့အပေါ်မှာဖတ်ခဲ့တာ ကျွန်တော့်ရဲ့ တညတာ ပြန့်ကျဲနေတဲ့အတွေးတွေပါ။ ခင်ဗျားတို့နားလည်ဖို့လဲ မမျှော်လင့်သလို ကျွန်တော်ကိုယ်တိုင်လဲ ပြန်ဖတ်ဖို့တောင် မသေချာပါဘူး။